Archive for May, 2010

မိသားစု

Thursday, May 27th, 2010

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။

စိုင်းဝင်းမြင်

ကျွန်တော်တို. လည်း မ၀င်တဲ့ဂိုးတွေ အခုထိ ကန်သွင်းနေမိတုန်းပါပဲဗျာ…
ဆရာစိုင်းဝင်းမြင့် ရဲ. ကဗျာလေးပါ..ကြိုက်နှစ်သက်ကြမယ်လို.ထင်ပါတယ်…

အသစ်တော့ …အသစ်ပဲ!!

Wednesday, May 26th, 2010

ခေတ်ဆန်သော၊ အလှအပ ကြိုက်တတ်သော၊ ရဲတင်း ပွင့်လင်းသော မိန်းမပျို တဦးသည် လေယာဉ်
ခရီးစဉ် တခုတွင် ဘုန်းတော်ကြီး တဦးနှင့် ဘေးချင်း ယှဉ်လျှက် လိုက်ပါလာ၏။

သူမသည် ရင်ခွင်ထဲမှ ခရီးဆောင် လက်ပွေ့အိတ်ကို ဖွင့်ယင်း အထဲမှာ
ပါလာသော ပစ္စည်းတခုကို မကြာခဏ ထုတ် ထုတ်ကြည့် နေမိ လေ၏။ သူ၏ မျက်နှာ ပေါ်တွင်လည်း
ထိတ်လန့်ခြင်း၊ စိုးရိမ် သောက ဖြစ်ခြင်း၊ ကြံရာ မရ ဖြစ်ခြင်းက ဖုံးမရ ဖိမရ
အထင်းသား ပေါ်လွင်လျှက်ရှိသည်။

ထိုသို့ဖြင့် လိုက်ပါလာယင်း မကြာမီတွင် ရုတ်တရက် အကြံတခုရကာ နံဘေးမှ ပတီးစိပ်၍
လိုက်ပါလာသော ဘုန်းတော်ကြီး ဘက်သို့ လှည့်၍…

“တပည့်တော်ကို တခုလောက် ကူညီနိုင်မလား ဘုရာ့” ဟု ပြောလိုက်လေသည်။

ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သော သူမ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသော
ဖာသာကြီးသည် စိပ်လက်စ ပုတီးကို ပေါင်ပေါ်တင်ရင်း…

“ပြောလေ ဒကာမလေး။ ကိုယ်တော် ကူညီနိုင်တာရှိရင် ကူညီတာပေါ့”

“ဟုတ်ကဲ့။ သမီး ဒီကနေ့ပဲ စူပါမားကက်ကနေ အမျိုးအစား ကောင်းတဲ့ နှုတ်ခမ်းနီတောင့်
တတောင့်ကို ဈေးကြီးပေးပြီး ဝယ်လာခဲ့မိ လို့ပါရှင့်။ အသစ် စက်စက်မို့ လေဆိပ်က
အကောက်ခွန်မှာ အခွန်တွေ အများကြီး ဆောင်ရမှာ ကြောက်လို့… အဲဒါ ဖာသာကြီးရဲ့
ဝတ်ရုံသင်္ကန်း အောက်ထဲမှာ ဖွက်ပြီး ယူသွားပေးဖို့  အကူအညီ တောင်းကြည့် တာပါ
ရှင့်။”

“အင်း… ဒါလောက်တော့ လုပ်ပေးနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက
လိမ်ပြောလို့ မရဘူးကွဲ့။ လေဆိပ်ရောက်လို့ အခွန်ဆောင်စရာ ပါသလား မေးရင်
ဘုန်းဘုန်းက အမှန်အတိုင်း ဖြေရမှာ… ဒါလိုဆိုရင်ကော ဖြစ်ပါ့မလား သမီးရဲ့…”

“မှန်ပါ” အမျိုးသမီးမှာ တချက် စဉ်းစားယင်း…

“ဟုတ်တော့ ဟုတ်တယ် ဘုန်းဘုန်းရဲ့။ ဒါပေမယ့် ဒီလိုလုပ်ရင်
မဖြစ်နိုင်ဘူးလား”ဟုဆိုကာ ဘုန်းတော်ကြီးနား နားသို့ တိုးတိုးကပ်ပြော
လိုက်သည်။

ထို့နောက် “အဆင်ပြေသွားမှာပါ ဘုရား” ..ဟုဆိုယင်း သူ၏ နှုတ်ခမ်းနီတောင့်ကို
အိတ်ထဲမှ ထုတ်၍ ဘုန်းတော်ကြီးအား ပေးလိုက်လေ၏။

… … …

လေဆိပ်သို့ ရောက်သောအခါဝယ် တာဝန်ရှိသူ အကောက်အခွန် အရာရှိမှ ဘုန်းတော်ကြီးအား
အခွန်ဆောင်ရန် ပစ္စည်းပါလျှင် ထုတ်ပြရန် တောင်းပန်လေ၏။ ထိုအခါ ဘုန်းတော်ကြီးက
အမျိုးသမီးငယ် နှင့် တိုင်ပင် ထားသည့်အတိုင်း…

“ဦးခေါင်းကနေ ခါးအထက်အထိတော့ ဘာမှ မပါပါဘူး ဒကာကြီးရဲ့” ဟု ဖြေလိုက်လေသည်။

ဘုန်းကြီး ဖြေလိုက်သော အဖြေကြောင့် ဇဝေဇဝါဖြစ်သွားသော အရာရှိက မကျေနပ်သေးဘဲ…

“ဒါဆို ခါးအောက်ပိုင်းမှာတော့ ပါလာတယ်လား ဘုရာ့” ဟု ပြန်၍ မေးပြန်လေ၏။

“အေးကွဲ့… ခါးအောက်ပိုင်းမှာတော့… ဘုန်းဘုန်းမှာ… အမျိုးသမီးတွေ အတွက်
ဟို.. ဟိုဒင်း… ပစ္စည်းတခုတော့ ပါတယ်ကွဲ့… ဒါ.. ဒါပေမယ့် ဘုန်းဘုန်းဘဝမှာ
တခါမှတော့ သုံးမကြည့် ဖူးသေးဘူး။ မောင်ရင် ကြည့်ချင်ရင်တော့ ကိုယ်တော်
ထုတ်ပြမယ်လေ…”

ထိုသို့ ဖြေလိုက်သော အခါမှာတော့ အကောက်အခွန် အရာရှိ လူငယ်သည် အားရပါးရ
ရယ်မောရင်း ဘာမှဆက်၍ မေးမြန်း မနေတော့ဘဲ ဘုန်းတော်ကြီးကို ဆက်လက် ထွက်ခွာခွင့်
ပြုလိုက် လေတော့သတည်း။

mail ထဲ ပို.ပေးသော ကိုသော်ထက် ကို ကျေးဇူးတင်ပါတယ်…

တွေးရယ်စရာလေးပါ…

နှင်း နဲ. ပက်သက်တဲ့ အရာများ…

Thursday, May 20th, 2010

ကျွန်တော် က နှင်းတွေ ချစ်တယ်…

ရာသီဥတု ဆိုလည်း နှင်းကျတတ်တဲ့ ဆောင်းကို ကြိုက်တယ်…

နှင်း နဲ. ပက်သက်တဲ. အရာမှန်သမျှကိုလည်း ရင်ခုန်တတ်တယ်..

နှင်း နဲ. ပက်သက်တဲ့ ခံစားမှုမှန်သမျှ….ခံစားရသမျှ…လေတွေ

အတူတူ မျှဝေ ခံစားရအောင်…ရင်ခုန်ရအောင်လို. ….စာတွေ….ကဗျာ …တွေတင်ထားပါ့မယ်…

ကျေးဇူးအထူး တင်ရှိပါတယ်……..

ဆုတောင်း

Tuesday, May 18th, 2010

ဒီနှစ်မှာ ဘာပန်းတွေပွင့်လဲလို. မမေးနဲ.

မနှစ်က ပွင့်ခဲ့တဲ့ ပန်းတွေ

တော်တော်များများ ပွင့်တယ်

လှပပြီး ရနံ.မရှိတဲ့ ပန်းတွေ

ပွင့်တယ်

ရနံ.ရှိပြီး မလှပတဲ့ ပန်းတွေ

ပွင့်တယ်

သူတစ်ပါးလှဖို. ပွင့်တဲ့ ပန်းတွေ

ပွင့်တယ်

(အင်း …ထူးထူးခြားခြား)

ဘုရားသခင်လက်က လွတ်ကျလာတဲ့

ပန်းလေးတစ်ပွင့် ပွင့်တယ်

ကဲ …ပန်းတွေ ဘုရားမှာ လှူပြီး

(ငါတို.) ဆုတောင်းလိုက်ကြပါစို.

“… … … … … … … … … …

… … … … … … … … … …”

ညီမိုဃ်းအိမ်

ဒဏ်ရာရရက်စွဲများ

Tuesday, May 18th, 2010

ဆည်းဆာချိန်ရဲ့ ကျဆုံးခန်းကို

မျက်နှာချင်းဆိုင် ထိုင်ကြည့်ဖို့

ငါတို့ဟာ…မလွန်ဆန်နိုင်ခဲ့ဘူး

ဘယ်လို နက္ခတ်အမှားတွေက စိုးမိုးထားတာလဲ…

ကြေကွဲလွမ်းဆွတ်ဖွယ်ရာများစွာနဲ့

ငါ့မှာ စိတ်ဒုက္ခပိုများတယ်

“ပြန်မလာခဲ့ပါနဲ.” လို့ မပြောပေမယ့်လည်း

နင်ပြန်လာမှာမဟုတ်ဘူး

ရာသီဥတုက သူ့ဘက်မှာ ၅၀% ကောင်းပြီး

ကိုယ့်ဘက်မျာ ၅၀% ဆိုးရွားခဲ့……

မူးယစ်ရီဝေညတွေမှာ

နင့်ကိုသတိရမိတာ စိတ်မဆိုးလိုက်ပါနဲ့

ညရောင်က ဖျားယောင်းတယ်

လရောင်က ဖျားယောင်းတယ်

သိစိတ်မဲ့အနမ်းက ဖျားယောင်းတယ်

မြင်မြင်သမျှ အတွေးတွေကလည်း

နင့်ကိုသတိရစေတယ်

ဒီလိုနဲ့ပဲ

နောက်တစ်ရက် နောက်တစ်မနက်နဲ့

ငါတို့တွေဟာ  နွမ်းလျနေခဲ့ပြီ…။

ဒီမွန်း

Ode To Friend

Tuesday, May 18th, 2010

The day I met you

I found a friend-

And a friendship that

I pray will never end…

Your smile so sweet

And so bright-

kept me going

when day was as dark as night…

You never ever judged me

You understand my sorrow

Then you told me it needn’t be that way

And give me the hope of a better tomorrow…

You will always there for me

I knew I could count on you

You gave me advice and encouragement

whenever I didn’t know what to do…

You helped  me learn to love myself

You made life seem so good

You said I can do anything I put my mind to

And suddenly I knew I could…

There were times when we didn’t see eye to eye

And there were days when both of us cried

But even so we made it through

Our friendship hasn’t yet died…

Circumstances have pulled us apart

We are separated by many miles

Truly, the only thing that keeps me going

Is my treasured memory of your smile…

This friendship we share

Is so precious to me

I hope it grows and flourishes

And lasts unto infinity…

You’re so extra-special to me

And so this to you I really must tell

You are my one true friend

My Guardian Angle…

Our friendship is one-in-a million

So, Let’s hold on to it and each other

We cannot let this chance of pure bliss fly away

For there will never be another

By  Elizabath Pinard

ဆရာမ မနော်ဟရီ ရဲ့ သူငယ်ချင်းဆိုတဲ့စာအုပ်ထဲက ကဗျာလေးပါ

“သူငယ်ချင်းသို့တမ်းခြင်း….”တဲ့

ပန်းလှေ

Sunday, May 16th, 2010

မော့ကြည့်နေဆဲမှာ
တိမ်တစ်စဟာပျောက်ဆုံးသွားခဲ့
နာကျင်ကိုက်ခဲမှုတွေသာ
ရင်မှာကျန်ရစ်
ပြန်မဖြစ်နိုင်တော့တဲ့အိပ်မက်တွေကိုတော့
ကြိုးလျော့ဂစ်တာတစ်လက်လို
ပြန်ညှိဖို့ကြိုးစားနေမိ
သတိတရားလက်လွတ်စွာလေ..။

များလိုက်တဲ့မာယာတွေ
ကမ္ဘာမြေက
ဘာလို့များလက်ခံထားရတာပါလိမ့်
ငြိမ့်ငြိမ့်သာသာစီးမျောနေတဲ့ပန်းလှေတွေ
ပန်းတိုင်ကိုအတူရောက်ကာ
ပျော်နိုင်ကြမှာလို့
ဘာလို့များမိုက်မဲစွာ
လက်ခံထားခဲ့မိတာပါလိမ့်..။

ခရီးရဲ့တစ်ဖက်တစ်ချက်
ဝဲဂယက်တွေ
ကမ်းခြေမြို့တွေ
ပြီးတော့
တိုက်ခိုက်ခံရမှုတွေ
ဒါတွေကိုငါ..
ဘာလို့များ ..မေ့ထားခဲ့မိတာပါလိမ့်။

သတိဝင်လာချိန်မှာ
ပန်းလှေများစွာ
တစ်ချို့ …ကမ်းကပ်ခဲ့ကြ
တစ်ချို့…နစ်မြုပ်ခဲ့ကြ
တစ်ချို့..အတူစီးမျောဆဲ
မျက်ဝန်းအသိထဲ မကြည်လင်စွာ။

ဟင့်အင်း
အဲဒါ…
ပန်းလှေပေါ်ကမိုးရေစက်တွေမဟုတ်ပါဘူး
ကျွန်မရဲ့မျက်ရည်တွေပါပဲ ။ ။
မနော်ဟရီ

ဆရာမ မနော်ဟရီ ရဲ. ပန်းလှေလမ်းခွဲ အတွဲထဲကပါ…နှစ်သက်ကြမယ်လို.ထင်ပါတယ်..

တစ်ယောက်တည်းတည့်အောင်နေခြင်းအစီအစဉ်

Saturday, May 15th, 2010

ခု..ဖွာနေတဲ့ဆေးပေါ့လိပ်လို
ရာဇ၀င်ပြန်တွေးနေတဲ့ အိနြေ္ဒ ဟာမီးတရဲရဲ..။

အဘိဓမ္မာသင်တန်းဆရာကြီးလောကဓံအောက်
အပ်ဖျားပေါ်မုန်ညင်းစေ့တင်သလောက်မှမငြိမ်ဘူးဆိုရင်
အဲဒီ ဂီတကိုနားမထောင်ချင်ဘူး။

ကြည့်စမ်း
တိမ်တွေ..တိမ်တွေ..မိုးကိုသယ်လာခဲ့ပြီ။

မနေ့က၏
ယနေ့၏ …အသိ….တဲ့
အဲဒါလေးကို ..အဲသလို…သူ့ချည်းပဲဝါးစား
အထားအသိုမှန်ပစေ…လေလုံမိုးလုံရှိပစေ
အပျင်းပြေကစားနည်းတစ်ခုလို
အကြောလျော့ဖြေသိမ့်ခြင်းထဲ ၀က်အူရစ်လှည့်ဝင်
ကျုပ်အထင်ကရ နေထိုင်မှုမှာတော့
တစ်ယောက်တည်းမသင့်မြတ်ခဲ့တာ
ကြာပြီ..။

ကျုပ်အလိုမတူပဲ
ရာသီတွေလဲနေတယ်
ခင်ဗျားတို့သက်သေရှိရဲ့..။

အဆင်မပြေဘူး
ဘာတစ်ခုမှအဆင်မပြေဘူး
ဝိသာခါနက္ခတ် ရာဟုဓါတ်စီးတဲ့အချိန်မှာ မွေးခဲ့လို့လား။ ။
ဝင်းမောင်

ကဗျာဆရာဝင်းမောင်ရဲ. ကဗျာတစ်ပုဒ်ပါ..ကြိုက်နှစ်သက်ကြမယ်လို. ထင်ပါတယ်…