သနားစရာမကောင်းတဲ့
ဇာတ်ဝင်ခန်းထဲမှာမှ
ကြေကွဲခံစားနေရတဲ့အဖြစ်ကို
မြင်လှည့်စမ်းပါအချစ်ရယ်….
စက္ကူစုတ်တွေနဲ့
ငါ့ကိုပစ်ပေါက်သွားတာလား
အဲဒါ…မင်းကိုယ်တိုင်ဖွဲ့နွဲ့ခဲ့တဲ့
သစ္စာစကားတွေလေ…
ဖောက်ပြန်တတ်တဲ့ရာသီဥတုထဲမှာ
မင်းမျက်နှာကိုအရည်ဖျော်ပြီး
ငါ…ပျော်ပါးစွာသောက်သုံးလိုက်ချင်ပါရဲ့
မဲ့ကနဲပြုံးလိုက်မိပြီ…
အဲဒါ…ငါ့ငိုကြွေးခြင်းပါကွယ်
မင်းကိုယ်တိုင်မပျော်နိုင်ပဲနဲ့
ဘာ့ကြောင့်
ငါ့ကို မုန်းတယ် လို့ပြောရတာလဲ
မျက်ရည်ဝဲ၀ဲကိုသုတ်ဖယ်ပြီးမှ
မင်းငါ့ကိုကျောခိုင်းသင့်တယ်
အမုန်းစကားရဲ့နောက်ကွယ်မှာ
ရှိုက်သံတစ်ခုပြုတ်ကျသွားတာကတော့
ဒါ…လျှို့ဝှက်ချက်တစ်ခုပဲဖြစ်မယ်
ဘယ်သူမုန်းခိုင်းတာတဲ့လဲ
သူစိမ်းတစ်ယောက်ကိုကြည့်တဲ့မျက်လုံးတွေနဲ့
ငါ့ကိုပက်ပက်စက်စက်ကြည့်ပြီးမှ
မုန်းတယ် လို့ပြောလိုက်စမ်းပါ
မျက်ရည်တွေဝဲနေပါလျက်နဲ့
ဘာ့ကြောင့်ရက်စက်ချင်ရတာလဲကွယ်
မျက်ရည်မကျကြေး…လို့
စိမ်ခေါ်မိရင်တောင်မှ
တို့နှစ်ယောက်လုံးငိုကြွေးကြရမှာပါ
ငါ…ရင်နာတယ်အချစ်ရယ်
နင့်ကနဲနေအောင်ပစ်လိုက်တဲ့
မင်းရဲ့မြားတစ်စင်းကြောင့်
ငါ့မြိုသိပ်ခြင်းကိုမြင်ရလိမ့်မယ်ထင်လား
ကြည့်စမ်းပါအုံး
မင်းကိုငါ..ပြုံးပြနေတယ်လေ
ဟန်မဆောင်တတ်ပဲနဲ့
မင်းကိုဘယ်ချစ်ပါ့မလဲကွယ်
မင်းကျေနပ်ပါရဲ့လား
ငါ့ကျဆုံးခြင်းအတွက်
မင်းကိုလက်ဆောင်ပေးဖို့
ငါ…ပြုံးပြနေတယ်လေ
အဲဒါ..ပန်းကုံးးတွေပေါ့
ချေမွပြစ်လိုက်စမ်းပါ
မင်းမှေးစက်ခဲ့တဲ့ ဟောဒီရင်ခွင်ကို
လက်သည်းချွန်ချွန်တွေနဲ့ထိုးစိုက်ပြီး
ဟားတိုက်လိုက်စမ်းပါ
မင်းကိုအနိုင်ယူဖို့ရည်ရွယ်ခဲ့ရင်
“ချစ်တယ်” ဆိုတဲ့စကား
ငါ…ဘယ်ပြောထားပါ့မလဲ
သွားစမ်းလို့စေရင် ငါ..မနေပါဘူး
ကြွေစမ်းလို့စေရင် ငါ..မဝေပါဘူး
မင်းအတွက်အလိုအပ်ဆုံးဟာ
ငါမဟုတ်တော့ဘူးဆိုရင်
ငါ့အတွက်အလိုအပ်ဆုံးက
မင်းကျေနပ်သွားဖို့တစ်ခုတည်းပါ
ကျေနပ်တယ်မဟုတ်လား
မင်းပစ်ခွင်းခဲ့တဲ့မြားတစ်စင်းကိုတော့
ပြန်နှုတ်ယူဖို့မစဉ်းစားပါနဲ့
အဲဒီမြားတံကိုကြည့်ပြီး
မင်းကိုသတိရနေပါရစေ…
ငါ့နောက်ဆုံးထွက်သက်ကို
မင်းရဲ့ရင်ခွင်ထဲမှာကုန်ဆုံးဖို့
ငါ..တောင်းဆိုထားတာ
မင်း…မှတ်မိပါရဲ့လား
မုန်းတယ် လို့ပြောလိုက်ရုံနဲ့
အဲဒီဆန္ဒပြေပျောက်သွားရင်
ငါ…ဘယ်ရင်နာပါ့မလဲ
တပ်မက်ခြင်းကင်းစင်ပါရဲ့
ဒါပေမဲ့ကွယ်…
မင်းရှိမှပြည့်စုံမယ်ထင်တဲ့
လိုအပ်ချက်တစ်ခုကို
ဘယ်လိုမေ့ပြစ်ရမှာလဲ
ငါ့နောက်ဆုံးထွက်သက်ကို
မင်းပိုင်ဆိုင်တယ်ဆိုတာသိရင်
ငါ့နှုတ်ခမ်းပါးအတွက်
ရေတစ်ခွက်လောက်တိုက်ပါ
နူးညံ့တဲ့ဝါဂွမ်းထဲက
ရေတစ်စက်ကိုငတ်မွတ်ရင်း
မင်းကိုပြုံးပြပါရစေ
ငါ့တစ်ကိုယ်လုံး မီးရှို့ဖျက်ဆီးလိုက်စမ်းပါ
ငါ့အသည်းနှလုံးကတော့
မင်းကိုပြုံးပြနှုတ်ဆက်ဖို့အတွက်
ကျန်ရစ်ခဲ့အုံးမယ်
အဲဒီအသည်းနှလုံးကို
မင်းရဲ့ရင်ခွင်နဲ့ထွေးပိုက်လိုက်ခါမှ
ပြာကျကွယ်ပျောက်
တကယ့်သေဆုံးခြင်းကိုရောက်လိမ့်မယ်
မင်းရဲ့ထွေးပိုက်ခြင်းနဲ့
ငါ့အသည်းနှလုံးကိုလောင်ကျွမ်းပါရစေ
မျက်နှာလွှဲလိုက်ရုံနဲ့
မင်းကိုမမြင်ရတော့ဘူးဆိုရင်
ငါ့မျက်နှာကို အခါခါလွှဲဖယ်လိုက်ချင်ပါတယ်
ကျောခိုင်းထားရုံနဲ့
မင်းကိုသတိမရတော့ဘူးဆိုရင်
အခါခါကျောခိုင်း အခါခါထွက်ပြေး
ဝေးသွားချင်ပါရဲ့
ဒါပေမဲ့ကွယ်…
မျက်စိစုံမှိတ် အရိပ်ဝေ့၀ဲ
အာရုံထဲမှာ အမြဲတမ်းလာ
ပြုစားညှာခြွေ စိုးမိုးနေလို့
ဘယ်မြေကိုများနင်းထားရမလဲ
ကောင်းကင်တစ်ခုတည်းရဲ့အောက်မှာ
တစ်ယောက်တနေရာစီရှိနေကြရတဲ့
ချစ်သူဟောင်းတွေလေ…
ဘာပဲလုပ်လုပ်
အရုပ်တစ်ရုပ်လိုနေထိုင်မှုမျိုးနဲ့
မင်းကိုမျှော်ကိုးစောင့်စားခဲ့တာများ
မင်း…မသိဘူးလားကွယ်
ရင်ချင်းနီးစပ်ခဲ့တဲ့
အရိပ်အငွေ့တွေကြောင့်
မင်း မမေ့သင့်သေးဘူးထင်ပါရဲ့
ရင်နာရမှာလားကွယ်
အကြင်နာဆိုတာပြောင်းလဲတတ်ပါသတဲ့လား
တင်းမာလွန်းလှတဲ့ မင်းရဲ့ရက်စက်နိုင်စွမ်းကို
ငါ…အံ့သြပါတယ်
ဘာပဲဖြစ်ဖြစ် မင်းရဲ့နေ့သစ်တွေအတွက်
ငါ့ချစ်ခြင်းတွေ ရှင်သန်ပါရစေ
“ချစ်တယ်” လို့ပြုံးရွင်စွာပြောခဲ့တုန်းက
ငါ့တစ်ကိုယ်လုံး
ငြိမ်းချမ်းအေးမြသွားတယ်ဆိုတာ
မင်းအသိဆုံးပါ….
ဝေးရမှာကြောက်တယ် လို့
မင်းစိုးရိမ်ခဲ့တုန်းက
တစ်ကယ်တန်းထိတ်လန့်ခဲ့တာ
ငါပါပဲကွယ်…
အခုလို တကယ်တန်း
ဝေးကွာရတော့မယ့်အခါမှာ
မင်းကိုယ်တိုင်ပစ်လိုက်တဲ့
အမုန်းမြားတစ်စင်းက
ငါ့ရင်ကိုပိုပြီးကျေကွဲစေတယ်
အပြစ်ဒဏ်ကိုမကြေငြာပဲ
အပြစ်ပေးလိုက်တာကတော့
မင်း…ရက်စက်လွန်းပါတယ်
မင်းအပေါ်ယုံကြည်ခဲ့မိတဲ့
ငါ့…ယုံကြည်စိတ်တွေကို
ငါ…မုန်းတီးချင်လိုက်တာကွယ်
ဘာပဲဖြစ်ဖြစ် ထင်ကျန်ခဲ့တဲ့
ငါ့ပါးပြင်ပေါ်က မျက်ရည်တွေကြားမှာ
မင်း…ရှိနေပါသေးတယ်
ဘယ်မှာဝေးလို့လဲ…
ငါ့ငိုကြွေးခြင်းတွေ မကုန်ဆုံးသေးသမျှ
ငါ့ပါးပြင်ပေါ်မှာ မင်းရှိနေပါသေးတယ်
ဘယ်လိုမေ့ရမလဲ……
မုန်းဖို့စကား မင်းပြောသွားပေမဲ့
မေ့တတ်အောင်းသင်ပေးဖို့
လိုနေသေးတယ်လေ
သစ္စာမဲ့တယ်လို့ပြောရအောင်ကလည်း
မင်းနဲ့ငါ သူစိမ်းတွေမှမဟုတ်ပဲ
တို့နှစ်ယောက်သစ္စာတရားကို
တို့နှစ်ဦးသာအသိဆုံးပါကွယ်
စိတ်တွေလျှော့ချလိုက်တဲ့အခါကျမှ
မင်း…ငါ့ကိုမုန်းလိုက်တာဟာ
မှန်ကန်မှုတစ်ခုပေပဲ
သံသရာအဆက်ဆက်
တွယ်ယှက်မဲ့ငါ့လက်တွေကို
ဖြုတ်ချနိုင်ရက်တာကိုတော့
ငါ…ရင်နာတယ်
ငါ့တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်နေတာတောင်မှ
ကျောက်ရုပ်တစ်ရုပ်လို
ငြိမ်သက်နိုင်စွမ်းရှိတဲ့
မင်းရဲ့ခံနိုင်ရည်အားကို
ငါ…လိုချင်လိုက်တာ
ဇာတ်လမ်းတစ်ခု ပြီးဆုံးသွားပြီလို့
တည်တည်ငြိမ်ငြိမ်ကြေငြာလိုက်တဲ့
မင်းရဲ့ တစ်ခွန်းတည်းသောစကားက
ငါ့အနာဂတ်တွေကို ချိုးဖျက်လိုက်တာပါလို့
မင်းသိအောင် ဘယ်လိုပြောရမလဲ
ငါ…..နေရဲပါတယ်
ကြေကွဲခြင်း…ရင်နင့်ခြင်း…
သတိရခြင်း…တမ်းတခြင်းများနဲ့
အဖော်ပြုလို့……
မျက်ရည်များကိုခဏခဏဖယ်သုတ်ရင်း
ငါ….နေရဲပါတယ်
ယုံလိုက်စမ်းပါကွယ်
လက်ဖက်ရည်မကြိုက်ပဲနဲ့
ငါ့ကိုချစ်လွန်းလို့
တစ်ဝက်တိတိသောက်ခဲ့တဲ့
မင်းရဲ့လိုက်လျောခြင်း..
လက်ဖက်ရည်ခွက်လေးတွေကို
ငါ…သတိရလိုက်တာ
အိပ်မက်တွေအကြောင်း
တွေ့ခွင့်မရတဲ့နေ့ရက်တွေအကြောင်း
အုတ်နံရံပေါ်ကရက်စွဲလေးတွေအကြောင်း
လက်တွဲရင်း..ဖေးမရင်း..ပြောခဲ့ကြတဲ့
ရထားလမ်းလေးကိုသတိရလိုက်တာ
ငါသတိရဆုံးကတော့
တို့နှစ်ဦးဆုံနေကျ
အုတ်နံရံပေါ်က
ရက်စွဲလေးတွေကိုပါပဲ
အဲဒီရက်စွဲလေးတွေဟာ
ဘယ်လောက်အထိခိုင်မြဲသလဲဆိုရင်
မိုးရွာရုံ…နေပူရုံ…နှင်းပက်ရုံ နဲ့
မှုန်မွှားပျောက်ကွယ်မသွားဘူးလေ
လက်ဖက်ရည်စားပွဲပေါ်မှာ
တစ်ဝက်တိတိ ကျန်ရှိခဲ့စမြဲဖြစ်တဲ့
လက်ဖက်ရည်ပန်းကန်လေးတွေရယ်
အုတ်နံရံပေါ်က ရက်စွဲလေးတွေရယ်
ရထားသံလမ်းပေါ်က စကားလုံးလှလှလေးတွေရယ်
အားလုံးကိုပြိုကွဲသွားစေတာကတော့
မင်းရဲ့…စကားလေးတစ်ခွန်းကြောင့်ပါပဲ
“မုန်းလိုက်ပါတော့” တဲ့လေ
တစ်ယောက်နဲ့တစ်ယောက်
မျက်နှာချင်းဆိုင် တွေ့မြင်နေပါလျက်
ဒုက္ခကိုယ်စီကို တို့နှစ်ဦးခံစားရတော့မယ်
မေ့နိုင်စွမ်းကြီးမားသူအဖြစ်
အချစ်သစ်ရဲ့ရင်ခွင်ထဲမှာ
ကြေကွဲစွာတင်းမာရင်းနဲ့
မေ့မရခြင်းတွေကို
ကိုယ်စီကိုယ်ငှ ခံစားကြရတော့မယ်
တရားဝင်နှုတ်ဆက်ခွဲခွာခဲ့ကြပါလျက်
တရားမ၀င်ကြေကွဲရမဲ့ ဘ၀ဆိုးမျိုးကို
ငါ…တွေးပြီးကြောက်လန့်ပါရဲ့
ဘာအပြစ်မှမရှိပဲ
ချစ်လျက်နဲ့ကြေကွဲခဲ့ကြတဲ့
အသည်းနှလုံးတွေနဲ့များ
ကမ္ဘာကြီးကို တည်ဆောက်ထားသလားကွယ်
“မုန်းတယ်” လို့မင်းဘယ်လောက်ပြောပြော
ရင်နာရုံအပြင်
အမုန်းခံရတယ်လို့ ငါမထင်ပါဘူး
မညာချင်ဘူးအချစ်ရယ်
မင်းကိုငါချစ်တယ်…
မင်းရှေ့မှာငါ..မငိုပါဘူး
ငါ့နောက်ကွယ်မှာ မင်းမငိုပါနဲ့
ပြိုကွဲသွားတဲ့အနာဂတ်ကို
တစ်စစီပြန်ကောက်ရင်းနဲ့
ငါ့ရဲ့အထီးကျန်ကမာလေးထဲမှာ
မင်းရဲ့ပန်းချီကားတွေ….
မင်းရဲ.ဓါတ်ပုံတွေ….
မင်းရဲ.ဒိုင်ယာယီ….
မင်းရဲ.လက်ဆောင်တွေ….
ပြီးတော့…မင်းရဲ.ခြေရာတွေ
အားလုံးကိုတစ်စစီချိတ်ဆွဲစီရီပြီး
အနာဂတ်ကို ကြိုဆိုလှမ်းတက်လာမဲ့
မျိုးဆက်သစ်တွေရှေ့မှောက်မှာ
မမေ့ပျောက်နိုင်မဲ့ ပုံပြင်တစ်ပုဒ်
ဒဏ္ဍာရီတစ်ခုလို
မငိုတတ်တဲ့လူတစ်ယောက်ရဲ. ခံနိုင်စွမ်းတွေနဲ့
“အိပ်မက်မှတ်တမ်း”လို့ ခေါင်းစဉ်တပ်ပြီး
ပြောပြချင်လိုက်တာ
အဲဒီအခါ ငါ့မျက်ဝန်းမှာ
မျက်ရည်တွေဝေ့၀ဲနေလိမ့်အုံးမယ်ဆိုရင်
ဒါဟာ….ပုံပြင်မဟုတ်…
ဒဏ္ဍာရီမဟုတ်…
အိပ်မက်မဟုတ်ဘူးဆိုတာ
သူတို့ခန့်မှန်းနေကြပါလိမ့်မယ်
ယုံလိုက်စမ်းပါအချစ်ရယ်
ငါ……မငိုပါဘူး
…………………………. ။
ဆရာမောင်လှမျိုး(ချင်းချောင်းခြံ) ရဲ့ ကဗျာရှည်တစ်ပုဒ်ပါ….
လူတိုင်းမှာ “အိမ်မက်မှတ်တမ်း”တွေ ရှိကြမှာပါ…ခံစားကြည့်စေချင်ပါတယ်….